Ad Code

Responsive Advertisement

နိုင်ငံ့သားကောင်း

  


နိုင်ငံသားဟူသည် နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ခုဖြစ်တည်နိုင်ရန်အတွက် ပိုင်နက်နယ်နိမိတ်၊ အချုပ်အခြားအာဏာ၊ အစိုးရနှင့်နိုင်ငံသားဟူသည့် အင်္ဂါရပ်လေးချက်စုံဖို့လို တယ်။ ဤလေးချက်အနက်မှ တစ်ခုခုချို့ယွင်းလျှင် နိုင်ငံဟူ၍ဖြစ်တည်မလာနိုင်။ တစ်ဖန်နိုင်ငံဟူ သည့် အနက်အဓိပ္ပယ်ကို ဖွင့်ဆိုရာတွင် “နိုင်ငံသားဟူသည့် နိုင်ငံတော်၏တာဝန်ကို ဝေပုံကျခွဲဝေ ထမ်းဆောင်၍ ဝတ္တရားများအလိုက် ခံစားထိုက်သည့်အခွင့်အရေးတို့ကို ခံစားခွင့်ရှိသူ”ဖြစ်သည်ဟူ၍ ဂရိတို့က ဖွင့်ဆိုခဲ့ရာ နိုင်ငံသားဟူဆိုလိုက်သည့်နှင့် အခွင့်အရေးခံစားခွင့်နှင့်အတူ ထမ်းဆောင်ရန် တာဝန်များလည်း ရှိသည်ဟူ၍ ရှေးခေတ်များစွာကပင် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဟု သိနိုင်သည်။ ယင်းအတွေးအခေါ်မှ မြစ်ဖျားခံကာ မျက်မှောက်ကာလတိုင်အောင်ပင် နိုင်ငံသားဟူသည့် နိုင်ငံ၏ အဖွဲ့ဝင် (Member of state)ဖြစ်ပြီး နိုင်ငံအပေါ် သစ္စာစောင့်သိရိုသေသူများ ဖြစ်ကြသလို လူမူအခွင့် အရေးနှင့် နိုင်ငံအခွင့်အရေးတို့ကို ရရှိသူများဖြစ်သည်ဟူ၍ ဖွင့်ဆိုကြသည်။


နိုင်ငံသားတို့သည် နိုင်ငံကို ဖန်တီးတည်ဆောက်သူများလည်း ဖြစ်ကြသည်။ ဖန်တီးတည်ဆောက်သူ တို့ အရေအသွေးနိမ့်လျှင် နိုင်ငံသည်လည်း အရေးအသွေးနိမ့်မည်ဖြစ်ပြီး ဖန်တီးတည်ဆောက်သူတို့ အရေးအသွေးမြင့်လျှင် နိုင်ငံသည်လည်း အရေးအသွေးမြင့်မည်ဖြစ်သည်။ နိုင်ငံကောင်းစေရန်အ တွက် နိုင်ငံသားကောင်းတို့လို့အပ်သည်။ နိုင်ငံသားကောင်းတို့၏ ဂုဏ်အရည်အချင်းများမှာ ကျယ်ပြန့်များပြားလှသော်လည်း အဓိကကျသည့်အချက်များအနက်မှ အရေးအကြီးဆုံးမှာ “အသိ ဉာဏ် အမြော်အမြင်” ဖြစ်သည်ဟူ၍သဘောညီကြသည်။ ပညာ၊ဗဟုသုတ၊ ကောင်းကျိုးဆိုးပြစ်များ တို့ကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်မြင့်မားဖို့လိုသည်။ ဒုတိယအချက်မှာ “မိမိကိုယ့်ကို ထိန်းသိမ်းစောင့်စည်းနိုင်ခြင်း”ဖြစ်သည်။ နိုင်ငံ့အကျိုးအများပြည်သူ အကျိုးစီးပွားကို ဆောင်ရွက်ရာ တွင် ကိုယ်ထင်ရာကိုယ်စိုင်းသည့် သဘောနှင့် ငါတကော၊ ကော၍မရ။ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးတို့ကို ထိန်းသိမ်းစောင့်စည်းပြီး ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောထားကြီးခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ ရိုသေကျိုးနွံခြင်း စသည့်အရည်အချင်းတို့ကို ဖော်ထုတ်ကာ အများအကျိုးအတွက် ရေရှည်အမြော်အမြင်ရှိဖို့ လိုအပ်သည်။ နိုင်ငံသားကောင်းတို့၏ တတိယမြောက်ဂုဏ်အရည်အချင်း မှာ “စည်းကမ်းကို ရိုသေလေးစားခြင်း” ဖြစ်သည်။ ဂရိဒဿနပညာရှင်ကြီး  ဆော့ခရတ္တိစ်ကမူ နိုင်ငံ သားကောင်းဖြစ်လိုလျှင်  ဥပဒေကို ရိုသေလေးစားမည်ဟု ဆိုသည်။ ဥပဒေမကောင်းဟုထင်မြင်လျှင် ဥပဒေကောင်းကိုရအောင်အားထုတ်ရန်၊ မကောင်းသောဥပဒေဖြစ်စေကာမူ မပြင်သေးသမျှကာလာ ပတ်လုံး ရိုသေလေးစားရန် ဟောပြောတိုက်တွန်းခဲ့သည်။ စတုတ္တမြောက် ဂုဏ်အရည်အချင်းမှာမူ “အညီအညွတ်ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒရှိခြင်း” ဖြစ်သည်။ လိုရင်းကိုဆိုရလျှင် ညီညွတ် ခြင်းပင်ဖြစ်သည်။ ညီညွတ်ခြင်းအတွက် အဖျက်သဘောတို့မှာ သဘောထားသေသိမ်ခြင်း၊ မယုံကြည် ခြင်း၊ ရိုးသားဖြောင့်မတ်မှုမရှိခြင်း၊ ဝန်တိုခြင်းတို့ဖြစ်ရာ အဖျက်သဘောတို့ကိုပယ်ရှားရှင်းလင်းနိုင်မှ ညီညွတ်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံသားကောင်းမှ နိုင်ငံကောင်းမည်ဟု အထက်တွင်ဆိုခဲ့ပြီးဖြစ်သည်။ နိုင်ငံသားကောင်းတို့၏ဂုဏ် အင်္ဂါများအနက်မှ အရေးအကြီးဆုံးအရည်အချက်းလေးရပ်ကိုလည်း ဖော်ပြခဲ့သည်။ “လူတစ်ဦးချင်း စီသည်မိမိတို့၏ အစွမ်းအစများကို အကောင်းဆုံးနှင့် အမြင့်မားဆုံး ဖော်ထုတ်၍ အလုပ်လုပ်ခြင်း၊ ပြည်သူတို့၏ခိုင်မာသောသန္နိဋ္ဌာန် နှင့် မိမိကိုယ်မိမိ ယုံကြည်မှုတို့ကို ပေါင်းစပ်ခြင်း” ဟူသော အယူ အဆနှင့် စိတ်ဓာတ်ကို နိုင်ငံ့ခေါင်းဆောင်များနှင့်ပြည်သူတို့ပါ စွဲမြဲကျင့်သုံးခဲ့ခြင်းဖြင့် ကိုရီးယား သမ္မတနိုင်ငံ ဖွံ့ဖြို့တိုးတက်ခဲ့သည့် သာဓကကိုနမူနာယူ၍ နိုင်ငံသားကောင်းများအဖြစ် ခံယူကာ နိုင်ငံကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုးအတွက် ထမ်းဆောင်နိုင်ကြပါစေကြောင်း။     

၁၆.၃.၂၀၂၁ မြန်မာ့အလင်း သတင်းစာမှကူးယူဖော်ပြသည်။

Post a Comment

0 Comments